ကျောက်ဖြူ မေ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်၊သစ်ကိုင်းများနှင့် ဓာတ်တိုင်များကျိုးကျပျက်စီးသဖြင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက လမ်းများပိတ်ဆို့မှုမဖြစ်စေရေးနှင့် လျှပ်စစ်မီးများ အမြန်ဆုံးပြန်လည်ရရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရပ်ကွက်များတွင် နေအိမ်အချို့အမိုးလန်အပျက်စီးခဲ့ပြီး လမ်းများ၌ သစ်ပင်၊သစ်ကိုင်းများ နှင့် ဓာတ်တိုင်များကျိုးကျနေမှုကို ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ အဆိုပါမုန်တိုင်း ဖြစ်ပွားသည့်ချိန်မှစပြီး အချိန်နှင့်တစ်ပြေးညီ သွားရောက်ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး၊ ယနေ့တွင် ရုံးခြံဝန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းခြံဝန်းများတွင်လဲကျနေသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ တာတမံများအားကြံ့ခိုင်မှုရှိစေရေး ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်း၊ လဲကျနေသည့် ဓာတ်တိုင်များအား ပြုပြင်၍ လမ်းမီးများအမြန်ဆုံးရရှိရေးတို့ကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ပြုပြင်ဆောင်ရွက်နေမှုကို ကျောက်ဖြူ တပ်နယ်ဗျူဟာမှူး၊ ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များက လှည့်လည် ကြည်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ကျောက်ဖြူမြို့နယ်အတွင်း အရှေ့/ အရှေ့တောင်အရပ်မှ (၁)နာရီလျှင် လေတိုက်နှုန်း မိုင်(၉၀)နှုန်းဖြင့် တိုက်ခတ်ခဲ့ကာ မိုးရေချိန် လက္မ ၅.၂၄ လက္မမိုးရွာသွန်းခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တွင် ပင်လယ်ရေလှိုင်း (၁၂)ပေခန့်မြင့် တက်ခဲ့ ကြောင်း ကျောက်ဖြူမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိ သည်။
ကျောက်ဖြူမြို့တွင် အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၇၉)လုံး၊ စာသင်ကျောင်း (၁၄) ကျောင်း၊ ဘုန်းတော်ကြီးကျောင်း(၃) ကျောင်း၊ သာသနိကအဆောင်အဦ (၁)လုံး၊ ကျန်မာရေး ဆေးပေးခန်း(၂)ခု၊ ဌာနဆိုင်ရာအဆောင်အဦ(၁၀)ခု၊ အဆောက်အဦ(၅)ခုနှင့် အခြားရပ်ကွက်/ ကျေးရွာများ၌ ပျက်စီးမှု(၆၉)ခုရှိပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)