ဗဟန်းမြို့နယ်တွင် Quarantine Centre ထမ်မံဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန် အောက်တိုဘာ ၆


ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို ကျိုက္ကဆံ ဘတ်စကတ်ဘော အားကစားရုံနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (ဗဟန်း)တို့တွင် ထားရှိခဲ့ပြီးဖြစ်သည်။
ယခုအခါ အဆိုပါနေရာများဖြင့် မလုံလောက်သောကြောင့် Quarantine Centre အဖြစ် ထပ်မံ ဖွင့်လှစ်ရန်အတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗဟန်း)တွင် ဖွင့်လှစ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါဖွင့်လှစ်မည့်ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်၊ ဗဟန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ် Facility Quarantine Center အဖြစ်အသုံးပြုမည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်နေသည့် အဆောက်အဦး ပြင်ဆင်မွမ်းမံမှု၊ အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ပို့ဆောင်ရေး လုပ်ငန်းများ၊ ရေချိုးခန်း၊ အိမ်သာများထားရှိမှုအခြေအနေများ၊ စသည့်အခန်းကဏ္ဍများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ဗဟန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို Quarantine Centre အဖြစ် ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် အဆောက်အဦး ပြင်ဆင်မွမ်းမံမှုလုပ်ငန်းများ၊ ကုတင်၊ မွေ့ယာ၊ အသုံးအဆောင်ပစ္စည်းများ၊ အိမ်သာ၊ ရေချိုးခန်းအစရှိသည့် လုပ်ငန်းများအပြင် လုပ်ငန်းဆောင်ရွက်ရာတွင် သုံးစွဲရမည့် ငွေကြေးများကိုလည်း Naing Group Holding Co-ltd က တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးဆိုင်ရာ အောက်စီဂျင်စက်(၃)လုံးကို ပေးအပ်လှူဒါန်းခဲ့ရာ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဦးဇော်လွင်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်နှင့် တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)