မိုင်းစံ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မိုင်းစံကျးရွာအုပ်စု ဝမ်လီကျးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးခင်အာင်ဇင်က အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခင်ချိုက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇင်က ဝမ်လီ အ-မ-ကကျောင်းအတွင်း သောက်သုံးရေရှိရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ဦးဆောင် ဆွေးနွေးခဲ့ပြီး တိုက်နယ်ဆရာဝန် ဒေါက်တာ အာကာမြင့်က coronavirus အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ဆောင်ရန်/ ရှောင်ရန်များနှင့် ကြိုတင်ကာကွယ်ရေး တို့ကိုလည်းကောင်း၊ နယ်မြေစခန်းမှူး ရဲအုပ် ထွန်းထွန်းနိုင်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ပြစ်ဒဏ်များ စသည်တို့ကို ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းစံယုံက စိုက်ခင်းပိုးမွှားများ ကျရောက်ခြင်းနှင့် သီးနှံများ ပျက်စီးမှုအန္တရာယ်၊ အောင်မြင်သော စိုက်ပျိုးရေး နည်းစနစ်များ၊ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲရေးနှင့် မျိုးကောင်းမျိုးသန့် စနစ်တကျ ရွေးချယ်စိုက်ပျိုးရေး တို့အားလည်းကောင်း၊ မီးသတ်ဦးစီးဌာန လက်ထောက် မီးသတ်ဦးစီး ဦးမျိုးဆွေဦးက ပူပြင်းခြေက်သွေ့သော ရာသီရောက်ပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေး အထူးဂရုပြုကြရန်၊ ရေအိတ်၊ သဲအိတ်များ အဆင်သင့် ချိတ်ဆွဲထားကြရန်နှင့် တောမီးရှို့ခြင်းကို အထူးဂရုပြုကြရန်အား လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန လက်ထောက် လဝကမှူး ဦးရန်နိုင်ဇော်ဇော်က မှတ်ပုံတင် ပြုလုပ်ရာတွင် အိမ်ထောင်စုဇယား မူရင်းယူဆောင်လာကြရန်၊ မှတ်ပုံတင် ပြုလုပ်ရာတွင် အခက်အခဲများ ရှိပါက ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အသီးသီး ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်သူများက ဝမ်လီ အ-မ-ကကျောင်း သောက်သုံးရေရှိရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး၊ စိုက်ပျိုးရေးနှင့် ပတ်သက်၍ တောင်သူပညာပေးများ၊ တိရိစ္ဆာန်များ လွှတ်ကျောင်းခြင်းမှ တားဆီးပေးရေး၊ မှတ်ပုံတင်ပြုလုပ်ရာတွင် ကူညီပေးရေး၊ ပညာရေးနှင့် အခြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲသို့ မိုင်းစံကျေးရွာအုပ်စု ဝမ်လီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောနန္ဒာ နှင့်အတူ ရွာသူ၊ ရွာသားများ (၁၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ချို (ပြန်/ဆက်)