မုံးထ မေ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာငှားခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီက အမှတ်(၃) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆောင်ခြင်းများ၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မုန်တိုင်းအန္တရာယ် သတိပေးကြေညာချက်များအား ပြည်သူများသိရှိစေရန်နှင့် ရေဘေး၊ လေဘေး၊ မီးဘေး၊ မြေပြိုဘေးနှင့် မုန်တိုင်းအန္တရာယ်များ ကျရောက်လာပါက လိုက်ဆောင်ရွက်သင့်သည့် အချက်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များကို နံရံကပ် စာစောင်တွင် ပြသထားရာ ရပ်ကွက်နေပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံးထမြို့ ရုံးဝန်ထမ်းများက ရပ်ကွက်နေပြည်သူများ ဖတ်ရှုလိုသည့် သုတ၊ ရသ စာအုပ်စာစောင်များကိုလည်း အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)