စဉ့်ကူး ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "ကျေးလက်ဒေသဖွံဖြိုးရေး" ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက မင်းရွာကျေးရွာ အုပ်စု၊ မင်းရွာကျေးရွာ ရွာလယ်(ဓမ္မာရုံ)၌ ကျင်းပသည်။
အခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းက အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နု က ပြည်သူ့ စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်းဦး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယဦးစီးမှူ ဦးမျိုးမြင့်ဦး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းတို့က ကျေးလက်ဒေသဖွံဖြိုးရေးနှင့် စပ်လျဉ်း၍ ဦးဆောင်ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသူများမှ မင်းရွာကျေးရွာ မူလတန်းလွန်ကျောင်းတွင် လိုအပ်လျက် ရှိသည့် ဆရာ/ဆရာမ ချထားပေးရေးနှင့် တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်ပေးနိုင်ရေး၊ ချောင်းကူးတံတား ဆောက်လုပ်ပေးရေး၊ ဆည်ရေ လုံလုံလောက်လောက် လွှတ်ပေးရေး၊ လူကူးတံတား ဆောက်လုပ်ပေးရေးတို့ကို မေးမြန်ဆွေနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)