လူဦးရေ ၁၀၀ ကျော်ကို လက်ခံစောင့်ရှောက်မှုပေးနိုင်မည့် Covid -19 Quarantine Center Football academy (Mandalay) မကြာမီ အသုံးပြုနိုင်တော့မည်

မန္တလေး၊ အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးကြပ်၍ ဧရာဝတီဖောင်ဒေးရှင်း၏ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော Covid-19 Quarantine Center Football Academy (Mandalay)ကို မကြာမီရက်ပိုင်းတွင်စတင် အသုံး ပြုနိုင်တော့မည်ဖြစ်ပြီး  ယင်း၌ Quarantine ဝင်မည့်သူဦးရေ ၁၀၀ ကျော်ကို လက်ခံစောင့်ရှောက်မှုပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီဖောင်ဒေးရှင်းက အကူအညီးပေးလိုက်လို့ တော်တော်အဆင်ပြေသွားပါတယ်၊ Facilities အကုန်လုံး ပြည့်စုံတယ်၊ ဒီလိုနေရာမျိုးမှာထားရတာကောင်းပါတယ်၊ ဇီးပင်ကြီးမှာလည်း လူအများကြီးဆံ့တယ်၊ မန္တလာ တက္ကသိုလ်မှာရှိတယ်၊ ကန်တော်ကြီးသံဃာ့ဆေးရုံမှာရှိတယ်၊ အဲဒါတွေအားလုံး တိုင်းဒေသကြီးရဲ့ ဘတ်ဂျက်၊ အလှူရှင်တွေရဲ့ငွေနဲ့ ကျွေးမွေးနေတာပါ၊ ဒီမှာတော့ ဧရာဝတီဖောင်ဒေးရှင်းက အစအဆုံးတာဝန်ယူမှာပါ၊ အစိုးရက ကြီးကြပ်ပေးရုံပေါ့၊ ကျန်းမာရေးဝန်ထမ်းထားရမယ်၊ Volunteerတွေ ရှာပေးရမယ်၊ ဘယ်လို လူတွေထားမယ်ဆိုတာကိုတော့ ပြန်သုံးသပ်ရဦးမှာပါ၊ မန္တလေးမှာ အကုန်အဆင်သင့်ပြင်ထားပါတယ်၊ ပြည်သူတွေစည်းကမ်းတွေလိုက်နာဖို့ အရေးကြီးတယ်၊ မလိုက်နာဘူးဆိုရင်တော့ ကိုဗစ်ထိန်းချုပ်ရတာနည်းနည်းကြာမယ်၊ အပြင်ထွက်တိုင်းမက်ခ်တပ်၊ လက်ဆေး၊ သန့်သန့်ရှင်းရှင်းနေကြဖို့လိုပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ်ဇော်မြင့်မောင်က ပြောသည်။

အဆိုပါအဆောက်အအုံကို Quarantine Center အဖြစ်အသုံးပြုနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးဆောင်သည့် ဧရာဝတီဖောင်ဒေးရှင်းက ကမကထပြုပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယင်း စင်တာသို့ရောက်ရှိလာကြမည့်သူများအတွက် အစားအသောက်အစီအစဉ်များကိုပါ ကျခံလှူဒါန်းသွားမည်ဖြစ်သည်။ ယင်းစင်တာသည် ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်း၊ မန္တလာသီရိဘောလုံးကွင်းနှင့် ကပ်လျက်တွင် တည်ရှိ သည်။

“ဘောလုံးအကယ်ဒမီမှာ Quarantine Centre ထားဖို့ ဝန်ကြီးချုပ်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်တို့ ဆက်သွယ်ပြီးလုပ်တဲ့အချိန်မှာ လိုတာတွေအကုန်ပြင်ဆင်ထားပေးပါတယ်၊ အောက်ထပ်မှာ ဦးရေ ၃၀ ထားလို့ရတယ်၊ အလယ်ထပ်က ၄၀၊ အပေါ်ထပ်မှာ ၃၀ ထားနိုင်မယ်၊ အခန်းအချို့လည်း လိုအပ်ရင်သုံးနိုင်အောင် လုပ်ထားပါတယ်၊ ကုတင်နဲ့အိပ်ရာတွေအသစ်လဲဖို့ဧရာဝတီဖောင်ဒေးရှင်းကလုပ်ပေးပါတယ်၊ အခန်းဖွဲ့စည်း ပုံတွေလည်း ဆောင်ရွက်နေပါတယ်၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေလည်းထား ဖို့စီစဉ်နေပါတယ်၊ လျှပ်စစ် မီးအပြည့်အဝရဖို့နဲ့ မီးစက်လည်းအရန်ထားပေးထားပါတယ်၊ အဲယားကွန်းအဖွဲ့က အဲယားကွန်းအလုံး ၄၀ လောက်ပြုပြင်ထိန်းသိမ်းတာကို လုပ်အားဒါနစေတနာနဲ့လှူပါတယ်၊ လျှပ်စစ်အဖွဲ့ကလည်း လျှပ်စစ်နဲ့ပတ်သက်တာတွေ စစ်ဆေးဆောင်ရွက်ပေးပါတယ်၊ CCTVကင်မရာ တတ်တဲ့အဖွဲ့က အခမဲ့လာတပ်ဆင်ထား ပါတယ်၊ လမ်းမီးတွေလည်းအခမဲ့တပ်ဆင်ပေးထားပါပြီ၊ မြို့တော်စည်ပင်က အခန်းသန့်ရှင်းရေးတွေပတ်ဝန်းကျင်သန့်ရှင်းရေးတွေ၊ အမှိုက်ပုံးထားတာတွေက အစလူအင်အားနဲ့ဆောင်ရွက်နေကြတဲ့အတွက် ဝမ်းသာရပါတယ်”ဟု  ဘောလုံးအကယ်ဒမီမန္တလေးကျောင်းအုပ်ကြီး ဦးစိုးညွန့်က ပြောပြသည်။ 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် Quarantine Centre များတိုးချဲသည့်ခြင်း၊  အတည်ပြု Positive လူနာကုသရန် ကန်တော်နဒီဆေးရုံ၊ ကုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံတို့အပြင် ပြင်ဦးလွင်ခရိုင်အတွင်းဗဟိုဝန်ထမ်းတက္ကသိုလ်ရှိ ကုတင် ၅၀ဆံ့ ဆေးရုံတို့ကိုလည်း လျာထားဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ လိုအပ်ပါကသင့်လျော်မည့်နေရာများတွင် ပြင်ဆင်ဆောင်ရွက်ရန် စီမံထားကြောင်းသိရသည်။

ထိပ်ထားနိုင်