ဆိပ်ကြီးခနောင်တို မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့ နံနက် ၂ နာရီခွဲအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှု ကြောင့် မြို့နယ် ရပ်ကွက်များအတွင်းရှိ သစ်ပင်၊ သစ်ကိုင်းအချို့ ကျိုးကျမှုဖြစ်ပွား၍ လမ်းများ ပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများမှ အချိန်နှင့် တစ်ပြေးညီ ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ယနေ့ နံနက် ၂ နာရီခွဲ အချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ အောင်သပြေ လမ်း၊ တော်ဝင်လမ်း၊ အမက (၃) ကျောင်းလမ်းတို့ရှိ သက်တမ်းရင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျမှု ဖြစ်ပွားရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ပန်းဥယျာဉ်ဌာနဝန်ထမ်းများ၊ မြို့နယ် လျှပ်စစ်ဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်နှင့် တစ်ပြေးညီ သွားရောက် ရှင်းလင်း ဆောင်ရွက်ပေးခဲ့ပြီး၊အဆိုပါ သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျမှုကြောင့် လူနေအိမ်များ၊ လူနှင့် တိရိစ္ဆာန်များ ထိခိုက် ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း သိရသည်။
မြို့နယ် တာဝန်ရှိသူများမှလည်း ထပ်မံ၍ ယခုကဲ့သို့ သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျမှု မဖြစ်စေရေး အတွက် မြို့နယ် အတွင်းရှိ သက်တမ်းရင့် သစ်ပင်၊ သစ်ကိုင်းများ၊ လျှပ်စစ် ဓာတ်အားလိုင်းကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများကိုလည်း ကြိုတင်၍ ခုတ်ထွင်ရှင်းလျက်ရှိကြောင်း သိရသည်။
ဝေယံ (IPRD)