သင်္ဃန်းကျွန်း မေ ၁၄
ရေဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် ရေဘေးအန္တရာယ်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်က ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရေထဲတွင် ရေကူးခြင်းလမ်းလျှောက်ခြင်းမပြုလုပ်ရန်၊ လျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်၊ မိသားစုဝင်များပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာသို့ကြောင်းကြားရန်၊ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကိုလိုက်နာရန်၊ အမှိုက်များအား စနစ်တကျရှင်းလင်းခြင်း၊ တိရစ္ဆာန်အသေကောင်များအား စနစ်တကျမီးရှို့ခြင်း (သို့) မြေမြုပ်ခြင်းများပြုလုပ်ရန်၊ အန္တရာယ်ရှိနိုင်သော ဓာတ်တိုင်များ၊ သစ်ပင်သစ်ကိုင်းများကို သတိပြုရှောင်ရှားပြီးသက်ဆိုင်ရာသို့ အကြောင်းကြားကာ ပူးပေါင်းကူညီရှင်းလင်းရန်၊ ရေကြီးခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများကိုဂရုပြုရန် ဆွေးနွေးခဲ့ပါသည်။
၎င်းနောက် ဦးစီးအရာရှိဒေါ်ဝါဝါဝင်းမြိုင်က သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာခြင်း မဟုတ်သည့် ကောလာဟလသတင်းများကို မယုံရန်၊ မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲရန်၊ ရေစိုပြီး အနံ့အသက်မကောင်းသော အစားအစာများမစားရန်၊ ရေထဲတွင်ဖိနပ်မပါဘဲ လမ်းမလျှောက်ပါရန် စသည်ဖြင့် ရေဘေးကြုံပါက ပြုလုပ်ရန်အချက်များကို ပြည်သူများသိရှိစေရန် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)