မိုးသက်လေပြင်းကြောင့် ဖျောက်ဆိပ်ပင်ကိုင်း ကျိုးကျပြီး လမ်းပိတ်နေသဖြင့် မီးသတ်ဦးစီးဌာန မှရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်

ကျောက်ပန်းတောင်း  မေ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ဘူတာရုံလမ်းရှိ ဇမ္ဗူထွန်းဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်ရှေ့မှ ဖျောက်ဆိပ်ပင်ကြီးမှာ ယမန်နေ့ညက မိုးသက်လေပြင်းကြောင် သစ်ကိုင်းကြီး တစ်ကိုင်း ကျိုးကျပြီး လမ်းပိတ်ဆို့မှုဖြစ်နေသဖြင့် ပြည်သူများ၏ သတင်းပေးအကူအညီတောင်းခံမှုအရ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ သည် မေ(၁၄)ရက်နေ့ နံနက်(၈)နာရီတွင် ရောက်ရှိ၍ အဆိုပါ ကျိုးကျ သစ်ကိုင်းအား ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် သစ်ကိုင်းကျိုး၍ လမ်းပိတ်ဆို့မှုဖြစ်နေသည့် ဘူတာလမ်းသို့ ရောက်ရှိပြီး၊ အမြင့် ပေ ၁၂၀ ခန့်ရှိသည့် ဖျောက်ဆိပ်ပင်ကြီး မှ အမြင့် ပေ ၂၀ခန့်ရှိ သစ်ကျည်းပေါင်းနေရမှ လုံးပတ်  ၅ ပေခွဲ၊ အရှည် ပေ ၄၀ ခန့်ရှိ သစ်ကိုင်း ကျိုးပဲ့ကာ ဘူတာလမ်းမကြီး လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေသည့်အပြင်၊  သစ်ကိုင်းကျိုးပဲ့မှုကြောင့် မီးကြိုးများပြတ်တောက်ခြင်း၊ ဆက်သွယ်ရေးလိုင်းကြိုးများ ထိခိုက် ခြင်းများ ဖြစ်ပေါ်နေသဖြင့် တာဝန်ရှိဌာနများအား ဆက်သွယ်ခေါ်ယူ၍ လိုအပ်သည့် လိုင်းဖြတ်တောက်မှုများလုပ် ဆောင်ကာ သစ်ကိုင်းအား ဖြတ်တောက် ဖယ်ရှားခြင်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ သစ်ကိုင်း ကျိုးကျ လမ်းပိတ်ဆို့နေရာသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ တာဝန်ရှိသူများ၊ မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း (EPC) မှ တာဝန်ရှိသူများ ရောက်ရှိကြပြီး၊ မိမိတို့ သက်ဆိုင်ရာ လိုင်းများမှ ပြတ်တောက်နေသည့် ကြိုးများအား ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန်အတွက် ရှင်းလင်းဖယ်ရှားခဲ့ကြပြီး၊ မီးသတ်ဦးစီးဌာနမှ သစ်ကိုင်းများဖြတ်တောက်ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ နံနက်(၈:၄၀)နာရီ ခန့်တွင် လမ်းရှင်းလင်းမှုလုပ်ငန်းများပြီးစီး၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များနှင့် ရဟန်းရှင်လူပြည်သူများ အလွယ်တကူ သွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့ နံနက် ပိုင်းမှစတင်၍ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း များဖြစ်ပေါ်ခဲ့ပြီး၊ ညလယ်ပိုင်းတွင် မိုးသက်လေပြင်း ပိုမိုပြင်းထန်ခဲ့သဖြင့် အဆိုပါ သစ်ကိုင်းကျိုးပဲ ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ ကျောက်ပန်း တောင်းမြိုနယ်တွင် ရွာသွန်းသည့် ယမန်နေ့ မိုးရေချိန်လက် မမှာ(၄.၀၅)လက်မဖြစ်ကြောင်းသိရသည်။ သို့ဖြစ်ရာ မီးသတ်ဦးစီး ဌာန အနေဖြင့် မြို့ပေါ်ရှိ လမ်းဘေး ဝဲ/ယာ မှ သစ်ပင်ခြောက်၊ သစ်ကိုင်းခြောက်များအား ပြည်သူများ အန္တရာယ်မဖြစ်ပွား စေရန်အတွက် ကြိုတင် ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြည်သူ များအကူအညီတောင်းခံလာသည့် သစ်ပင်/သစ်ကိုင်း ခြောက်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို မုန်တိုင်းအကြို ပြင်ဆင် မှုအဖြစ် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)