မိုင်းပန် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာအုပ်စု၊ မိုင်းဟောင်းကျေးရွာတွင် ယမန် နေ့ည (၁ဝ) နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းဟောင်းချောင်းအတွင်း ရေဝင်ရောက် စီးဆင်း မှုများပြားလာကာ လူနေအိမ်များ၏အတွင်းထိ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေ များသည် သစ်ပင်၊ အမှိုက်သရိုက်များနှင့်အတူ မိုင်းဟောင်းချောင်းတ လျှောက် စီးဆင်းလာပြီး မိုင်းဟောင်းကျေးရွာရှိ လူနေအိမ် (၁၅)လုံးအတွင်းသို့ရေများဝင်ရောက်ခဲ့သည်။ လူများထိခိုက်မှု မရှိသော်လည်း နေအိမ်အများစုမှာ တစ်ထပ်အိမ်များ ဖြစ်ကြသောကြောင့် နေအိမ်အတွင်းရှိ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ ရေစို၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ရွာအတွင်း မွေးမြူထားသော နွား (၅) ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် (၇) နာရီအချိန်ခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများသွားရောက်၍ လိုအပ်သည့် လမ်းမီးတိုင်များတွင် လျော့ရဲနေသော ကြိုးများတင်းခြင်း၊ တိုင်စောင်းနေပါက ပြန်လည်တည့်မတ်စေခြင်း၊ ရေဝင်ရောက်ခဲ့သည့် စိုက်ပျိုးမြေများအား တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း (120 Km) အနီးရှိ တံတားအမှတ် (၃/၇၅)၊ ပေ(၆ဝ) သစ်သားတံတား၏ တောင်ပံ (၂)ဘက် ပျက်စီးကာ ကတ္တရာလမ်း ရေတိုက်စားစေခြင်းများ ဖြစ်ပေါ်ခဲ့သောကြောင့် အဆိုပါတံတား၏ ဘေးကပ်လျက် မိုင်းဟောင်းချောင်းအတွင်း၌ ကုန်တင်မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး မြေဖို့၍ လမ်းလွှဲပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)