မြောက်ဥက္ကလာပ မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက် ၆ နာရီ ၃၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် (ဋ)ရပ်ကွက်၊ မေတ္တာ(၁)လမ်း၊ အ.မ.က(၁၉)ကျောင်းရှေ့ ကုက္ကိုလ်ပင်လဲကျနေမှုအား မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ ပရဟိတလူမှုရေးအဖွဲ့ဝင်(၃၀)ဦးတို့ဖြင့် သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။
ထို့နောက် (ဋ)ရပ်ကွက်၊ မေတ္တာ(၃)လမ်း၊ အမှတ်(၄၇၇)တွင် တောင်မရိုးပင်လဲကျနေမှုနှင့် ဝေဘာဂီရပ်ကွက်၊ ရွှေပေါက်ကံရပ်ကွက်များတွင် သစ်ပင်များလဲကျနေမှုများအား ဆက်လက်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်လောဟာနှင့် အဖွဲ့ဝင်များကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
မြမြဝင်း(ပြန်/ဆက်)