တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများမှပြည်သူများအား မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံမည့်စခန်းများသို့ ပြောင်းရွှေ့ပေးလျက်ရှိ

တောင်ကုတ်     မေ    ၁၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးလွတ်ရာနေရာ ယာယီစခန်းများသို့ ဆက်လက်ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့၏ယာယီခိုလှုံရာစခန်းများဆီသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြသည့် ငမောက်ချောင်းကျေးရွာအုပ်စု၊ ဖောင်းခါးကျေးရွာအုပ်စု၊ ဂျီပြင်ကျေးရွာအုပ်စု၊ အရှေ့ဘက်ကျေးရွာအုပ်စု၊ ညောင်ပင်ဆိပ် ကျေးရွာအုပ်စုနှင့် ကုလားရောင်ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ပြည်သူများအား တောင်ကုတ်မြို့ပေါ်ရှိ သိမ် တောင်ဘုရားကြီးကျောင်းတိုက်၊ အာလိန်ငါးဆင့်ကျောင်းတိုက်၊ ဝိသုဒ္ဒါရုံကျောင်းတိုက်၊ ဝိသုတာရာမ ကျောင်းတိုက်နှင့်သဒ္ဓမ္မရောင်ရှိန်ကျောင်းတိုက်များတွင် စီစဉ်နေရာချထားပေးပြီး အချို့ပြည်သူများအား ကျေးရွာရှိ  Cyclone Shelter များ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စီစဉ်နေရာချထား ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ ယာယီခိုလှုံမည့်စခန်းများသို့ ပြောင်းရွှေ့ပြီးသူစုစုပေါင်း (၅၇၀၅) ဦးရှိ ကြောင်းလည်း သိရသည်။

အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ခိုလှုံကြသည့် ပြည်သူများအား ‌ရွှေ့ပြောင်းပေးရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးကိစ္စများအဆင်ပြေစေရန်အတွက် ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက် ရှိပြီး လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်