ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သောနေရာများမှ ပြည်သူများနှင့်ပစ္စည်းများအား ရွှေ့ပြောင်းနေမှုအား သွားရောက်ကြည့်ရှု လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး

စစ်တွေ မေ ၁၃

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် အလွန့်အလွန်အားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)အဖြစ် ရောက်ရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် စစ်တွေ မြို့နယ် အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သောနေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ရွှေ့ပြောင်းနေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မိဇံကမ်းနားလမ်းမှ ပြည်သူများနှင့် ဆန်ကုန်သည်များ၊ ဈေးသူ၊ ဈေးသားများက ဆန်နှင့် လူသုံးကုန်ပစ္စည်းများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေမှုကို သွားရောက် ကြည့်ရှုကြပြီး ရွှေ့ပြောင်းရာတွင် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အာကျိတ်တော်ကုန်းရှိ စိတ္တသုခကမ္မဋ္ဌာန်း ကျောင်းတိုက်၌ စစ်တွေမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှပြည်သူများ ရွှေ့ပြောင်းရောက်ရှိ နေထိုင်နေမှုအား သွားရောက်ကြည့်ရှုကြကာ စားရေရိက္ခာလိုအပ်မှု၊ လျှပ်စစ်မီးနှင့် တရားလိုအပ်သည့် ပစ္စည်းများကို ဆရာတော်သံဃာတော်များ၊ လူမှုရေးအဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့အဝေးပြေးကားဂိတ်တွင် စစ်တွေမြို့ပေါ်ရပ်ကွက်ရေလွှမ်းမိုးနိုင်သည့် နေရာများမှ ပြည်သူများ မုန်တိုင်းဘေးလွတ်ရာ မြို့နယ်များသို့ ကားများဖြင့် တိမ်းရှောင်နေမှုကိုတွေ့ဆုံပြီး လမ်းခရီးအဆင်ပြေစေရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ အုန်းတောကြီး၊ အုန်းတောချေ၊ သဲချောင်း၊ ဒါးပိုင်(IDP)စခန်းများတွင် နေထိုင်ကြသူများအား တပ်မတော်မှ မော်တော်ယာဉ်များ၊ ရဲတပ်ဖွဲ့မှ မော်တော်ယာဉ်များဖြင့် မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းရာတွင် ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ် တပ်ဖွဲ့ဝင်များက ကူညီရွှေ့ပြောင်းပေးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စားရေ ရိက္ခာများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်း စပ်ပေးခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ထားသော ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ Command Post မှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ Video conference စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများအား မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ ရွှေ့ပြောင်းရမည့်အခြေအနေများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက် ရမည့်လုပ်ငန်းများအား လမ်းညွှန်မှာကြား ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်အား တားဆီး၍မရနိုင်သကဲ့သို့ ထိန်းချုပ်၍လည်း မရနိုင်ပါကြောင်း၊ မိမိတို့တွင် အတွေ့အကြုံကောင်းများရှိသည့်အတွက် ဌာနအသီးသီးက တာဝန်ရှိသူများ အနေဖြင့် မိမိတို့၏လုပ်သက်အတွေ့အကြုံများဖြင့် အကောင်းဆုံးစီမံခန့်ခွဲသွားမည်ဆိုလျင် ဆုံးရှုံးမှု အနည်းဆုံးဖြင့် အခြေအနေကောင်းတစ်ရပ်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းသည် မိမိတို့နှင့် အနီးစပ်ဆုံး နေရာတွင် ရောက်ရှိနေပြီဖြစ်သည့်အတွက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အားလုံးစိတ်တူကိုယ်တူဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသမှာနေထိုင်ကြသည့် ပြည်သူများ၏ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုကဏ္ဍကိုလည်း ယမန်နေ့က အမြင့်ဆုံးအဆင့်ထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်မြို့နယ်များတွင်လည်း တိုင်းမှူး၏လမ်းညွှန်မှုနှင့်အတူ တပ်မတော်မှ တာဝန်ရှိသူများက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့နေ့လယ်ပိုင်းတွင် ရွှေ့ပြောင်းမှုကို အပြီးသတ်ဆောင်ရွက်သွား  မည်ဖြစ်ကြောင်း၊ မုန်တိုင်းအလွန် ကာလတွင်လည်း ယခုစုဆောင်းဆောင်ရွက်နေသည့် မှန်ကန်တိကျသော စာရင်းဇယားများဖြင့် ကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မှန်ကန်တိကျသော စာရင်းဇယားများကို ပြောင်းရွှေ့မှု၊ နေထိုင်မှု ရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ခိုလှုံရာနေရာများတွင် လိုအပ်သောချက်များ၊ အခက်အခဲများကို မုန်တိုင်းမကျမီကာလအတွင်း ပြည်သူများနှင့်ထိတွေကာ ဖြေရှင်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းမှူးက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လက်ရှိတွင် တပ်မတော်သားများက သက်ဆိုင်ရာ ဌာနများ ပူးပေါင်းပြီးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် Video conference စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌများက မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဆက်လက ဆောင်ရွက်မည့် အခြေအနေများကိုရှင်းလင်းတင်ပြကြကာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များက မိမိတို့ကော်မတီအလိုက်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

တင်ထွန်း(ပြန်/ဆက်)