ဂွ မေ ၁၃
ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နေ့လယ်(၁၁)နာရီအချိန်က ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မြို့မရပ်ကွက်၊ အလယ်ရွာရှိ၊ မြို့ဦးတောင်ပေါ်ကျောင်းတိုက်၌ မုန်တိုင်းခိုလှုံရာ ပြည်သူများအတွက် စားနပ်ရိက္ခာများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူများအတွက် အားပေး စကားများ ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲတင့်ကဘုန်းကြီးကျောင်းများတွင် မုန်တိုင်းခိုလှုံ နေထိုင်ကြစဥ် ကာလအတွင်း ပြည်သူများအား မုန်တိုင်းအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင် ကာကွယ်နေထိုင်နည်းများနှင့် ပြည်သူများအား အန္တရာယ်ကင်းရှင်းပြီး မုန်တိုင်းပြီးဆုံးပါက မိမိတို့ နေထိုင်ရာအိမ်များသို့ ချောချောမောမော ပြန်လည် ရောက်ရှိကြပါစေကြောင်း အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူများ စားရေရိက္ခာ ဖူလုံစေရေးအတွက် ခိုလှုံနေသည့် အိမ်ထောင်စု(၄၆)စု၊ လူဦးရေ- ၁၈၇ဦးတို့အတွက် ကြက်ဥ(၁၅၀)လုံး၊ ခေါက်ဆွဲခြောက် ၄ပါကင် အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်