သံတွဲမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်

သံတွဲ မေ ၁၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင်  မုန်တိုင်းအန္တရာယ်သတိပေးချက်များအား ပြည်သူများသိရှိ နိုင်ရေးအတွက် သံတွဲမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် ပြန်ကြားရေးနှင့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နေလယ်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ မုန်တိုင်းဘေးမကျရောက်မီ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းကျရောက်ပါက လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းကျရောက်ပြီးပါက ပြုလုပ်ရန် အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဘေးနှင့်ပတ်သက်၍ အရောင်အဆင့် သတ်မှတ်ချက်များကို ပြည်သူများသိရှိစေရန်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ  အသိပေး ချက် များဖြစ်သည့် '' ဘင်္ဂလားပင်လယ်အော်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "မိုခါ(MOCHA) သည်မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပါသဖြင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး/ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် အသိပေးပြီးဖြစ်ပါသဖြင့် အဆိုပါမုန်တိုင်းသည် ယနေ့မှစ၍ နောက် (၄၈)နာရီ အတွင်း စစ်တွေမြို့ အနီးမှဖြတ်ကျော်ဝင်ရောက်မည်ဟုလည်း ခန့်မှန်းချက် ထုတ်ပြန်ထားပြီးဖြစ်ရာ လက်ရှိအခြေအနေ တွင်မုန်တိုင်းသည် လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီ မိုင် (၁၁၀)အထိ ရောက်ရှိနိုင်ပြီးလှိုင်းအမြင့် မှာ လည်း (၁၃)ပေ မှ (၁၆)ပေအထိ ရောက်ရှိနိုင်မည် ဖြစ်ပါသဖြင့် ငါးဖမ်းရေယာဉ် /လှေ/သင်္ဘော များ အထူးအန္တရာယ်ရှိသည့်အတွက်  ယနေ့ မွန်းတည့် (၁၂)နာရီ အချိန်မှစ၍ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ မည်သည့် ငါးဖမ်းရေယာဉ် /လှေ/သင်္ဘောများ လုံးဝ (လုံးဝ) မထွက်ရန်'' စသည့် ညွန်ကြားချက်များအား အသံချဲ့စက်ဖြင့် နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)