ပုသိမ်ကြီးမြို့နယ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသင့်ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပုသိမ်ကြီး မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှုအား ယနေ့နံနက် ၈ နာရီက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များအား မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အသင့်ပြင်ဆင်ဖွဲ့စည်းထားသည့် အဖွဲ့များဖြင့် အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများကိုလည်း စနစ်တကျ ထားရှိရန် လိုအပ်ပါကြောင်း အစရှိသည်များကို ထည့်သွင်းပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန မှ ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် Hydraulic Rescue Tools ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေယံမင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု  စစ်ဆေးကြသည်။

ပုသိမ်ကြီးမြို့နယ်တွင် အရေးပေါ်သဘဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မြို့နယ်အဆင့်ကော်မတီများ အသင့်ဖွဲ့စည်းထားပြီး၊ မြို့နယ်သဘာဝဘေး ကော်မတီမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ လိုအပ်သည်များအသုံးပြုနိုင်ရန်အတွက် ငွေကျပ်တစ်သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်