ချောင်းဆုံ မေ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ထိရောက်စွာပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ကာကွယ်ရေးပစ္စည်းများ အထောက်အကူပြုပစ္စည်းများ ပြင်ဆင်ထားရှိမှုအား ယမန်နေ့နေ့လယ် (၂း၀၀)နာရီက နတ်မှော်ကျေးရွာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်စစ်ဆေးကြည့်ရှု ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နတ်မှော်ကျေးရွာ (Cyclone Shelter)အတွင်း မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင် မှုဖြင့် ကြိုတင်ပြင်ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်းများ၊ ကာကွယ်ရေးပစ္စည်းများ၊ အထောက် အကူပြု ပစ္စည်းများနှင့်ဆေးဝါးများ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီးနောက် ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒေသခံများ၏လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာ မင်္ဂလသုခ ဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဒါန်းဖွယ် ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သူဇာ(ချောင်းဆုံ)