တောင်ကုတ် မေ ၁၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ဘင်္ဂလားပင်လယ်အော်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ”သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပါသဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးပြီး ဖြစ်ပါသဖြင့် အဆိုပါမုန်တိုင်းသည် ယနေ့မှစ၍ နောက်(၄၈)နာရီအတွင်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟုလည်းခန့်မှန်းထုတ်ပြန် ထားပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မုန်တိုင်းသည် လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီ မိုင်(၁၁၀)အထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့် မှာလည်း(၁၃)ပေမှ(၁၆)အထိ ရောက်ရှိနိုင်မည်ဖြစ်သဖြင့် ငါးဖမ်းလှေ၊ ရေယာဉ်၊ သင်္ဘောများ အထူးအန္တရာယ်ရှိသည့်အတွက် ယနေ့မွန်းတည့်(၁၂)နာရီအချိန်မှစ၍ လုံးဝမထွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာမှ လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြည်သူများသိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်