ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်နိုင်ရန် အရေးပေါ်ဆောင်ရွက်

ရသေ့တောင် မေ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီစနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ပြောင်းရွေ့ထားသော အရှေ့မြောက်ရပ်ကွက်ရှိ အောင်မြေဗောဓိသာ သာနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက် အတွင်းရှိ Command post ရုံးခန်းတွင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌက ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းကာ အရေးပေါ် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်လင်းထက်က ရသေ့တောင်မြို့နယ်သည် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် မြို့များစာရင်းတွင် ပါဝင်ပြီး ရခိုင်ပြည်နယ်အနေနှင့် အနီရောင်အဆင့် သတ်မှတ်ခံထားရသည့် မြို့တွင် ပါဝင်သည့်အတွက် မပေါ့ဆရန်လိုအပ်ကြောင်း၊ မိမိတို့ဌာနဆိုင်ရာများ အနေနှင့်လည်း မိမိတို့ဌာန လုံခြုံရေးအပြင် မိသားစုများလုံခြုံရေးအတွက်ပါ ဂရုပြုဆောင်ရွက်ကြရန် သို့မှသာရပ်ရွာ လုံခြုံရေးကို ဂရုတစိုက် အာရုံစိုက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောကြားပြီး မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဘေးလွတ်ရာပြေးလာသူများ သောက်ရေသုံးရေရရှိမှု ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်ဌာနဆိုင်ရာများက ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ရသေ့တောင် (ပြန်/ဆက်)