မာန်အောင် မေ ၁၃
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ အနီရောင်အဆင့်မုန်တိုင်းသတိပေးချက်ကို ယမန်နေ့ညနေ ၅နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးကြေညာရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဘင်္ဂလာဒေ့ရှ်၊ မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွှေ့နိုင်သည့် အခြေအနေရှိသဖြင့် အနီရောင်အဆင့် သတ်မှတ်ပါသည်။
အဆိုပါမုန်တိုင်းသည် အားအလွန်ကောင်းသော မုန်တိုင်းအဖြစ်ဖြင့် မြောက်အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းရွှေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့အကြား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန်းမှန်ရပါသည်။
သို့ဖြစ်ပါ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် မိခင်များအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ ဆိုင်ကလုန်းချာတာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများသို့ အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြရန်နှင့် အနီရောင်အဆင့် သတိပေးချက်အဖြစ်ဥသြဆွဲ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)