မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ နှစ်ပတ်လည် အထွေထွေ အစည်းအ‌ဝေး ကျင်းပ

ရန်ကုန် မေ ၁၃

မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း (MWEA)၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အသင်းတည်ထောင်သူ နာယက အကြံပေးဒေါက်တာရီရီမြင့်၊ အသင်း၏ ၂၀၁၉-၂၀၂၃ ခုနှစ် တွင် တာဝန်ယူခဲ့သော ဥက္ကဋ္ဌ ဒေါ်ခင်လေးတို့က အမှာစကားများ ပြောကြားပြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “ယခုလို အမျိုးသမီးအင်အားစုများ တက်တက်ကြွကြွနှင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည်ကို တွေ့မြင်ရတာ ဝမ်းမြောက်မိပါကြောင်း၊ အမျိုးသမီးများအနေဖြင့် နေရာပေးမှ ရနိုင်မည်ထက် မိမိတို့ စွမ်းဆောင်ရည်ဖြင့် နေရာယူ ရပ်တည်နိုင်သည့်ခေတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ MWEA အနေဖြင့် ကိုဗစ်ကာလကို ရင်ဆိုင်ကျော်လွှားပြီး ပြည်တွင်းပြည်ပနှင့် လက်တွဲချိတ်ဆက်၍ မြန်မာအမျိုးသမီးများကို စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်သည် ပုဂ္ဂလိက စီးပွားရေးကဏ္ဍအတွက် ညီနောင်အသင်းအဖွဲ့များအားလုံးကို ခွဲခြားခြင်းမရှိဘဲ ခိုင်ခိုင်မာမာ လက်တွဲရပ်တည်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

၂၀၁၉-၂၀၂၃ ခုနှစ်အတွင်း MWEA အသင်း၏ လုပ်ဆောင်ချက်များအား အသင်းအတွင်းရေးမှူး ဒေါ်ခင်သက်မော်က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော အသင်းဝင်များမှ ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ပြင်ဆင်ခဲ့သော အသင်း၏ သင်းဖွဲ့စည်းမျဉ်းကို အတည်ပြုခဲ့ကြသည်။

ထို့နောက် ၂၀၁၉-၂၀၂၃ခုနှစ် ဘဏ္ဍာရေး ရှင်းတမ်းအား ဒေါ်မြင့်မြင့်အေးမှ ဖတ်ကြားတင်ပြခဲ့ပြီး၊ ၂.၃.၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့သော  ရွေးချယ်တင်မြှောက်ပွဲတွင် ၂၀၂၃-၂၀၂၅ အမှုဆောင် သက်တမ်းအတွက် ရွေးချယ် တင်မြှောက်ထားသည့် အလုပ်အမှုဆောင်အဖွဲ့၏ အမည်စာရင်းများကို ရွေးချယ်တင်မြှောက်ရေး ကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ဒေါ်တင်တင်ထွေးမှ ဖတ်ကြားအတည်ပြုခဲ့သည်။

ဆက်လက်၍ ယခင်ဥက္ကဋ္ဌ ဒေါ်ခင်လေးမှ  ၂၀၂၃-၂၀၂၅ ခုနှစ် အမှုဆောင်သက်တမ်းအတွက် တာဝန်ယူမည့် ဥက္ကဋ္ဌ ဒေါ်ကြွေကြွေဇင်ထံသို့ တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည်။ ၂၀၂၃-၂၀၂၅ ခုနှစ်အတွက် ရွေးချယ်တင်မြှောက်ထားသော အလုပ်အမှုဆောင်အဖွဲ့ ကိုယ်စားဥက္ကဋ္ဌ ဒေါ်ကြွေကြွေဇင်က နှုတ်ခွန်းဆက်စကားနှင့် အသင်း၏ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြောကြားခဲ့ပါသည်။ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြတ်သီတာမြင့်မှ ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြသော သူများနှင့် တက်ရောက်လာသော အသင်းသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ခဲ့ကြသည်။

မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းကို ၁၉၉၅ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့၍ နှစ်ပေါင်း (၂၈)နှစ်တိုင်ခဲ့ပြီဖြစ်ပြီး အသင်းတွင် အောင်မြင်သော အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၊ အစပျိုး အမျိုးသမီးလူငယ်လုပ်ငန်းရှင်များ၊ စီးပွားရေးဖွံ့ဖြိုးရေး တိုးတက်ချင်သော အမျိုးသမီးများ၊ တိုင်းနှင့် ပြည်နယ်တွင်ရှိသော စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများဖြင့် ဖွဲ့စည်းထားကာ အသင်းဝင်အင်အား (၃၀၀၀) ကျော်ဖြင့် ရပ်တည် ဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများ၏ အမျိုးသမီးစွမ်းဆောင်ရှင်များအထိပါ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)