မောင်တော မေ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် နေထိုင်ကြသူများအား မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန်အတွက် တာ၀န်ရှိသူများက ယမန်နေ့ညနေပိုင်းက ကွင်းဆင်းဆောင်ရွက် လိုက်လံမှာကြားခဲ့ကြသည်။
ယခုအခါ မုန်တိုင်းသည် အားကောင်းလာပြီး မြောက်ပိုင်းသို့ ရွေ့လျားလျက်ရှိရာ မြို့နယ်အတွင်း ဘေးအန္တရာယ်ကျရောက်လာပါက ရေလွှမ်းမိုးနိုင်သဖြင့် ရွှေဇားကျေးရွာအုပ်စု၊ ဟိန္ဒူကယ်ဆယ်ရေးစခန်းမှ ဟိန္ဒူဘာသာဝင် အိမ်ထောင်စု ၁၁၅ စု၊ လူဦးရေ ၉၀၀ ကျော် ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းလာသဖြင့် ပြောင်းရွှေ့လာသည့်ပြည်သူများအား နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများက သွားရောက်တွေ့ဆုံအားပေးပြီး မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေးပြောကြားကာ စားရိက္ခာများ ထောက်ပံ့ပေးခဲ့ကြသည်။
ဆက်လက်၍ မောင်တောမြို့ပေါ်မှ မုန်တိုင်ဘေးအန္တရာယ်ကင်းလွတ်ရာ (၃) မိုင်သို့ ရွှေ့ပြောင်းထားသော ပြည်သူများအား အားပေးစကားပြောကြားပြီး မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးကာ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြသည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အရေးကြီးစာရွက်စာတမ်းများအား ရေဘေးကင်းလွတ်ရာ နေရာများရွှေ့ပြောင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် ခရိုင်သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌသည် ကော်မတီ၀င်များ၊ မြို့ပေါ်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ပြုလုပ်ရာ ယခု လက်ရှိမုန်တိုင်းဖြစ်ပေါ်သည့် အခြေအနေမှာ မောင်တောဒေသအား မုန်တိုင်းအနီရောင်အဆင့် သတ်မှတ်ထားပြီး ဌာနဆိုင်ရာများ အနေဖြင့် အရေးကြီးသည့် စာရွက်စာတမ်းများနှင့် စက်ပစ္စည်းများ၊ ၀န်ထမ်းများနှင့် ၎င်းတို့၏ မိသားစု၀င်များ အား ဘေးလွတ်ရာသတ်မှတ်နေရာများသို့ ပြောင်းရွှေ့စေရန်နှင့် မြို့ပေါ်ရှိပြည်သူများအား ဘေးလွတ်ရာနေရာများသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြောင်းရွှေ့နိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူးများအား မှာကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)