ကျောက်မဲ မေ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမြို့နှင့် လွယ်အံတင်း ကျေးရွာအုပ်စု၊ ပန်မခံကျေးရွာတို့မှ လေဘေးသင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် အိမ်ထောင်စု ၂၅ စုတို့အား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
မေ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မိုင်းလုံမြို့၊ အထက်ရပ်ကွက်၊ အောက်ရပ်ကွက်၊ ခန္တီရပ်ကွက်၊ နမ့်ပိန်ရပ်ကွက်များတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ် ၃ လုံးပြိုကျပြီး လူနေအိမ် ၁၀ လုံး အမိုးလန်ပျက်စီးခဲ့သည်။
ထို့အတူ မေလ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်တွင် ကျောက်မဲမြိုနယ်၊ လွယ်အံတင်း ကျေးရွာအုပ်စု၊ ပန်မခံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၁၂ လုံး အမိုးလန်ပျက်စီးခဲ့သည်။
အဆိုပါ လေဘေးသင့်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် အိမ်ထောင်စု ၂၅ စုတို့ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှငွေ ၇၀၆၁၀၀၀/- ကျပ်၊ ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်းငွေ ၁၆၆၄၂၀၀/-ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုး ၃ အိမ်ထောင်စာ၊ ကျောက်မဲမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့မှ သင်္ကန်း ၁ စုံ၊ စောင်၊ ခြင်ထောင်နှင့်ခေါက်ဆွဲခြောက် ၂၅ အိမ်ထောင်စာ ထောက်ပံ့ပေးအပ်ရာ အဆိုပါ ထောက်ပံ့ငွေနှင့်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုင်းထွန်းအောင်နှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)