ဘူးသီးတောင်မြို့၌ မြေနိမ့်ပိုင်းနှင့် မြစ်ချောင်းနံဘေးရှိ ပြည်သူများအား ဘေးလွှတ်ရာနေရာသို့ ပြောင်းရွှေ့ကြရန် အသိပေးနှိုးဆော်လျက်ရှိ

ဘူးသီးတောင် မေ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းသို့ မေ ၁၃ ရက်နေ့နှင့် မေလ ၁၄ ရက်နေ့တို့တွင် မုန်တိုင်းဝင်ရောက်လာနိုင်သည့်အတွက် ယမန်နေ့ မွန်းလွဲ(၃) နာရီအချိန်က ဘူးသီးတောင်မြို့ သင်္ဘောဆိပ်ကမ်းနားမှ ထွက်ခွာကာ ဒါးပိုင်ဆရာကျေးရွာအထိလည်းကောင်း၊ လိုင်ရှည်ပြင် ကျေးရွာအထိလည်းကောင်း လက်ဝဲ၊ လက်ယာမြစ်ကမ်းဘေးတစ်လျှောက်ရှိ မြေနိန့်ပိုင်းနှင့် မြစ်ချောင်း နံဘေးတွင် နေထိုင်သော မိဘပြည်သူများအား ကြိုတင်ရွေ့ပြောင်းနိုင်ရန်အတွက်  Speed boat (၃) စီးဖြင့်  ချောင်း၏ လက်ဝဲ၊ လက်ယာတွင် နေထိုင်ကြသော ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခဲ့ကြသည်။

အဆိုပါ မုန်တိုင်းဘေးအန္တရာယ် အသိပေးနှိုးဆော်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခဲ့ကြသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ သဘာဝဘေး ကျရောက်လာပါက ထိခိုက်မှုများရှိနိုင်သည့် ရပ်ကွက်(၂)ခု ကျေးရွာအုပ်စု(၁၃) စု အိမ်ထောင်စု(၃၆၀)စု၊ လူဦးရေ (၃၁၈၆) ဦးတို့အားလည်းကောင်း  ယာယီခိုလှုံရာ နေရာသို့ ပြောင်းရွှေ့လျက်ရှိပြီး မုန်တိုင်းဘေးလွတ်မည့် နေရာများသို့ ပြောင်းရွှေ့နိုင်ရန်နှင့် ရွှေ့ပြောင်းနေထိုင်ကြမည့် ပြည်သူများအတွက် စားဝတ်နေရေးအဆင်ပြေစေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်(၅၀၀)၊ ဆီပိဿာ (၁၅၀၀ )၊ ဆား(၂၀၀)၊ ငပိ ( ၅၀)  ပိဿာ စုဆောင်းထားရှိပြီး  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနမှလည်း အိမ်ခြေ (၂၀၀)  စုအတွက် ပစ္စည်း (၁၆) မျိုး အသင့်စုဆောင်းထားရှိပြီး လူမှုရေး အသင်းအဖွဲ့များမှလည်း ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မြို့နယ် ပြန်/ဆက်