တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများ မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်း

တောင်ကုတ် မေ ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူများသည် ယနေ့နံနက်ပိုင်းမှစ၍ မုန်တိုင်းဘေးလွတ်ရာ နေရာများ ဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြကြောင်း သိရသည်။

ထိုသို့ ခိုလှုံရာစခန်းများဆီသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြသည့်  ပန်းတင်ကျွန်း ၊ ဖောင်းခါး ၊ ခေါင်းလောင်းတူ၊ ကုလားရောင်၊ ဂျီပြင်၊ ညောင်ပင်ဆိပ်၊ နတ်ကန်နှင့် ပြင်ကြီးကျေးရွာများမှ ပြည်သူများအား တောင်ကုတ်မြို့ပေါ်ရှိ အထက(၄)ဂူတာကျောင်း၊ သိမ်တောင်ဘုရားကြီးကျောင်းတိုက်၊ အာလိန်ငါးဆင့် ကျောင်းတိုက်နှင့် ဝိသုတာရာမကျောင်းတိုက်များတွင် စီစဉ်နေရာချထားရှိပြီး အချို့ပြည်သူများမှာ ကျေးရွာရှိ Cyclone Shelter များ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ယာယီခိုလှုံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ခိုလှုံကြသည့် ပြည်သူများအား ရွှေ့ပြောင်းရေး၊ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်နှင အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

တောင်ကုတ်မြို့နယ်၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်း ၊ ယာယီခိုလှုံမည့် စခန်းများသတ်မှတ်ထားခြင်း ၊ Command Post အဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ စားနပ်ရိက္ခာ၊ ရေနှင့်ဆေးဝါးများ စုဆောင်းထားရှိခြင်း၊ အရေးပေါ် ဆေးကုသရေး နေရာများ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

မြို့နယ်(ပြန်/ဆက်)