သုံးခွ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ ခွဲအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် လတ်တလောဖြစ်ပေါ်နိုင်မည့် သဘာ၀ဘေးအမျိုးအစားများ၊ မုန်တိုင်းဖြစ်ပေါ်လာနိုင်မှုအခြေအနေ၊ လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းမဖြစ်မီ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ချိန်တွင် ရှောင်ရှားသင့်သည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းပြီးဆုံးချိန်တွင် လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးမျိုးနိုင်က သဘာ၀ဘေးန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ မဖြစ်ခင်ကြိုတင်ပြင်ဆင်ရမည့်အပိုင်း၊ ရှာဖွေကယ်ဆယ်ရမည့်အပိုင်း၊ ပြန်လည်ထူထောင်ရေးအပိုင်းတို့ဖြစ်ပြီး ကြိုတင်ပြင်ဆင်ရေးအပိုင်းဖြစ်သည့် ခိုင်မာသည့်အဆောက်အဦးများသို့ သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ပို့ဆောင်ပေးရမှာဖြစ်ပြီး စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ သောက်ရေသန့်များကိုလည်း စုဆောင်းထား ရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများကိုလည်း လုံခြုံစိတ်ချရသည့်နေရာတွင် ရွှေ့ပြောင်းထားရှိရမှာဖြစ်ပါကြောင်း၊ မုန်တိုင်းနှင့်ပက်သက်သည့် အရောင်အဆင့်များသတ်မှတ်ချက်များ၊ သဘာ၀ဘေးအမျိုးစားများဖြစ်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မီးဘေးဖြစ်ကြောင်းစသည့်အကြောင်းအရာများ ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရုံးမှပြသထားသော သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သုတ၊ ရသ စာအုပ်များနှင့် နံရံကပ်စာ စောင်များကို တက်ရောက်လာသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။
စည်သူလင်း (ပြန်/ ဆက်)