အလုံ အောက်တိုဘာ ၆
အလုံမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် We Love Yangon (Ahlone)တို့ ပူးပေါင်းမှုဖြင့် အလုံစျေး၌ စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် မျက်နှာအကာ (Face Shield) များ လှူဒါန်းနှင့် အသိပညာပေး ခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အလုံမြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးပြည့်ဖြိုးအောင်းမှ ကုသိုလ်ဖြစ် လှူဒါန်းခြင်းဖြစ်ပြီး အလုံမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ We Love Yangon(Ahlone) မှ အဖွဲ့ဝင်များသည် အလုံစျေး တွင် စျေးရောင်းချလျက်ရှိသော စျေးသည်များ အား တစ်ဦးလျှင် မျက်နှာအကာ Face Shield တစ်ခုစီဖြင့် စုစုပေါင်း Face Shield အခု (၃၀၀) တို့အား လှူဒါန်းခြင်း၊ အပြင်ထွက်သည့် အခါတိုင်း mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြ ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
အလုံမြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask)များ ဝေငှခြင်းနှင့် အသိပညာပေးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိ သူများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ချို(အလုံ)