ချင်းရွှေဟော်မြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် အခမဲ့စစ်ဆေးနိုင်ပြီး အားလုံးပိုးမတွေ့

ချင်းရွှေဟော်   အောက်တိုဘာ   ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့  အဝင် သံတံတားအနီး၌  တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Antigen Diagnostic Test Kit  စနစ်ဖြင့် ကွမ်းလုံမြို့နယ်နှင့် ချင်းရွှေဟော်မြို့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာန ဝန်ထမ်းများက အခမဲ့စစ်ဆေးဆောင်ရွက်ပေးနိုင်ခဲ့ပြီး အားလုံးပိုးမတွေ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့ရှိ  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များ တင်သွင်းမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း(၃၂၀)ဦးတို့ကို  ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Test Kit စနစ်ဖြင့် ယမန်နေ့ နံနက်(၆)နာရီမှ ညနေ(၄)နာရီခွဲအချိန်အထိ အခမဲ့စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ ၎င်းတို့၏ အဖြေမှာ All Negative ရောဂါပိုးမတွေ့ရှိသည့် အတွက် (Standard Operating Procedure) SOP စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ၎င်းတို့၏ ယာဉ်များနှင့်အတူ တရုတ်နိုင်ငံသို့ ဆက်လက် ဝင်ရောက်ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)