ဆိပ်ကြီးခနောင်တို မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၆


ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးပညာပေးလုပ်ငန်းများကို  မြို့နယ်အတွင်း လူစည်ကားရာနေရာ တစ်ခုဖြစ်သည့် မြို့မဈေးကြီးအတွင်း ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် WE LOVE SEIKKYI KHANAUNGTO ပရဟိတအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်း ဦးဆောင်၍ စည်ပင်သာယာ ရေးဝန်ထမ်းများနှင့် ပရဟိတပူးပေါင်းအဖွဲ့မှ ဈေးကြီးအတွင်း ဈေးရောင်း ချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာလျက်ရှိ သည့် လမ်းညွှန်ချက်များအား လိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း၊ ပညာပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဈေးအတွင်း လူစုလူဝေး မဖြစ်ပေါ်စေ ရေး လိုက်လံကြည့်ရှုပညာပေးခြင်းတို့အား ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး၊ လူဦးရေသုံးသောင်းကျော် နေထိုင်လျက်ရှိရာ မြို့နယ်နေပြည်သူအများစုမှာ အဆိုပါ မြို့မဈေးကြီးအတွင်း နေ့စဉ်လာရောက် ဈေးရောင်းချ၊ ဝယ်ယူ လျက်ရှိသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ယခုကဲ့သို့ ဘက်ပေါင်းစုံမှ အရှိန် အဟုန်မြှင့် လိုက်လံဆောင်ရွက် နေခြင်းဖြစ်ကြောင်းလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)