သန်လျင် အောက်တိုဘာ ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု ပိုးတွေ့လူနာများ မြင့်တက်လာခြင်း၊ သေဆုံးခြင်းများ ရှိနေခြင်းကြောင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယနေ့နံနက်တွင် သန်လျင်မြို့နယ် ပရဟိတအဖွဲ့များ စုပေါင်း၍ ဈေးများ၊ကယ်ရီဂိတ်များ၊ လမ်းသွားလမ်းလာများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
သန်လျင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး Stay at Home အစီအစဉ်အား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောက်တိုဘာ ၂၁ ရက်နေ့အထိ တိုးမြှင့်အမိန့်ထုတ်ပြန်ထားရာ ပြည်သူများအနေဖြင့် တိတိကျကျ လိုက်နာသွားရန် လိုကြောင်း၊ ရပ်ကွက်ကျေးရွာအဝင်အထွက်ဂိတ်များ စနစ်တကျ ထားရှိ၍ မလိုအပ်ဘဲ ပြင်ပသို့သွားလာခြင်းမပြုရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရောဂါပျံ့နှံမှုမြင့်တက်နေသည့်အတွက် မိမိနေအိမ်မှာနေထိုင်ခြင်းက အကောင်းဆုံး ဖြစ်ကြောင်း ဖြင့် မြို့မတောင်ရပ်ကွက် ပရဟိတအဖွဲ့ခေါင်းဆောင် ဦးခင်မောင်လတ်က ပြောကြားသည်။
သန်းဝင်း(သန်လျင်)န