ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ် ဖော့ကန် ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ ဖော့ကန်ဈေးသို့ သွားရောက်၍ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများ နှာခေါင်းစည်း (Mask)များ တပ်ဆင်၍ ရောင်းချဝယ်ယူနေမှု အခြေအနေ များ၊ ဈေးဝင်ပေါက်၊ ထွက်ပေါက်များတွင် ကိုယ်အပူချိန် တိုင်းစက်များ တပ်ဆင်ထားမှုနှင့် လက်ဆေး ဘေစင် များ တပ်ဆင်ထားရှိမှု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြုံပြု လမ်းညွှန်မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)