မက်မန်းမြို့၌ မီးသတ်ဦးစီးဌာန၏ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား ကြည့်ရှုစစ်ဆေး

မက်မန်း မေ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်ရှိ မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုများကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးပစ္စည်းများ လက်တွေ့အသုံးပြုပုံများကို ရှင်းလင်းပြသခြင်း၊ သဘာဝဘေးကျရောက်လာပါက ပိတ်မိလူနာများအား ကယ်ဆယ်ရွှေ့ထုတ်ရန်အတွက် လိုအပ်သောပစ္စည်းများ အသုံးပြုပုံအား ရှင်းလင်းပြသခြင်း၊ လူနာများအား အရေးပေါ်ဝင်ရောက်ကယ်ဆယ်ရာတွင် အသက်ရှူကိရိယာများ အသုံးပြုပုံ၊ အရေးပေါ်မီး အသုံးပြုရန်အတွက် မီးစက်များ၊ သစ်ပင်/သစ်ကိုင်းများ ဖြတ်တောက်ရှင်းလင်းရန်အတွက် Chain Saw  များ၊ ဓား၊ ပေါက်တူး၊ တယ်လီဖုန်းလိုင်းများ ပြတ်တောက်ပါက အရေးပေါ်ဆက်သွယ်နိုင်မည့် အရေးပေါ်သုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ ကူညီကာကွယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ စက်သုံးဆီ၊ စားသောက်ကုန်၊ မော်တော်ယာဉ်များ အသင့်ဆောင်ရွက် ထားရှိကြောင်း သိရသည်။

အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)