စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စဉ့်ကူး မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ သပိတ်ကျင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့  ဥက္ကဋ္ဌဦးရဲမြတ်တင့်က  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စုဆောင်းထားရမည့် ပစ္စည်းများ၊ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်အချက်များအား အသေးစိတ် ရှင်းလင်းမှာကြားခဲ့သည်။ ထို့နောက် စဉ့်ကူးမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့  ဥက္ကဋ္ဌဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက မိမိတို့ ဆောင်ရွက်ထားရှိမှုများအား ပြန်လည်တင်ပြ၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ သပိတ်ကျင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌဦးရဲမြတ်တင့်၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့များ၊ နယ်မြေအလိုက် စုဖွဲ့ထားရှိသည့်အဖွဲ့များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း အင်အား (၈၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်