ဒုတိယအကြိမ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ချီးမြင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနား ဆောင်ရွက်

တာချီလိတ် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင် စေတနာအရင်းခံ၍ စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ချီးမြင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောမှ ဂုဏ်ပြု အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်/မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်း လေးဦးတို့ကို ပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အတွက် ဒေါ်နန်းကိန်ဟွမ် (မိုင်းလွေရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်)မှ မြန်မာကျပ်ငွေ ၄ သိန်း ပေးအပ်လှူဒါန်းခဲ့ရာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)