ကမာရွတ် အောက်တိုဘာ ၆
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်အထွေထွေရွေးကောက်ပွဲအတွက် မှန်ကန် ပြည့်စုံသော မဲဆန္ဒရှင်များရရှိစေရန်၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း မဲဆန္ဒရှင်များစာရင်း ဒုတိယ အကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ကပ်ထားကြေညာလျက်ရှိကြောင်းသိရသည်။
ကမာရွတ်မြို့နယ်အတွင်း၌ရပ်ကွက်ပေါင်း (၁၀) ရပ်ကွက်ရှိပြီး ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာရာတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေမှာ ၆၄၈၅၂ ဦးရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကိုအောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် (၁၄)ရက်ကြာ ကြေညာ ကပ်ထားမည် ဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများကို လာရောက်ကြည့်ရှု စစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။ မဲဆန္ဒရှင် စာရင်းများကို အွန်လိုင်းမှာ လည်းမဲစာရင်းကြည့်နိုင်အောင် စီစဉ်ဆောင်ရွက် ထားကြောင်းသိရသည်။
စိမ်းလဲ့(ပြန်/ဆက်)