မန္တလေး၊ အောက်တိုဘာ ၇
အိန္ဒိယမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်ခင်အထိ ထပ်တိုးတင်သွင်းခွင့်ပြုကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
" အဓိကက မတ်ပဲဈေးက အိန္ဒိယပေါ့။ အဲမှာ အိန္ဒိယက ကိုဒါ(ကုန်စည်သင်္ဘောတင်သွင်းခွင့်)ကတော့ အစက ၈ လပိုင်းကုန်ရင် ရပ်ပြီဆိုပြီးတော့ ပြောတာ။ ၉ လပိုင်းမှာကျ သင်္ဘောတင်တော့ မရှိဘူး။ ဒါပေမယ့် အိန္ဒိယမှာ မိုးတွေတအားရွာပြီးတော့ မတ်ပဲခင်းတွေပျက်စီးတယ်။ ပျက်စီးတဲ့အချိန်မှာ အောက်တိုဘာလ ၁ ရက်နေ့မှာ မတ်ပဲတန်ချိန် ၁သိန်းခွဲ မြန်မာပြည်ကနေ ထပ်ပြီးတင်သွင်းခွင့်ပြုလိုက်တာ။ ဟိုဘက်မှာ မိုးရွာတဲ့သတင်းတွေ ကြားတော့ ဒီဘက်မှာက သေချာပေါက်ပြန်ဖွင့်မှာဘဲဆိုပြီး ၉ လပိုင်းကတည်းက စပြီးတော့ လှုပ်ရှားလာတာပေါ့။ တစ်ပတ်လောက်အတွင်း တစ်အိတ်ကို ၅ထောင် ၁သောင်းလောက် တက်သွားတာပေါ့။ မတ်ပဲဈေးက တကယ်တမ်းတိုက်ရိုက်ကျ အိန္ဒိယနဲ့ဘဲ သက်ဆိုင်တာပေါ့။ ပြည်တွင်းကတော့ အသုံးတော်တော် နည်းပါတယ်။ " ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
မတ်ပဲကို များသောအားဖြင့် ဒီဇင်ဘာလဝန်းကျင်တွင် အသစ်ပေါ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီးများတွင် အများဆုံးစိုက်ပျိုးကြကြောင်း ၊ အောက်တိုဘာလ ၅ရက်နေ့တွင် မတ်ပဲ ၆ပိသာလျှင် ၁၀၇၀၀၀ ကျပ်မှ ၁၁၂၀၀၀ ကျပ်ဝန်းကျင်၊ မတ်ပဲ (ရေသွင်း/သစ်) ၆၀ပိဿာလျှင် ၉၅၀၀၀ ကျပ်မှ ၉၈၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
ထိပ်ထားနိုင်