ပူတာအိုမြို့၌ မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ဘောလုံးအားကစား ဒိုင်လူကြီး သင်တန်းဖွင့်လှစ်

ပူတာအို မေ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ပူတာအိုခရိုင် အားကစား လှုပ်ရှားမှုတွင် အထောက်အကူပြုရန်၊ မကြာမီ တိုင်းရင်းသားအားလုံးပါဝင်သော ဒိုင်အဖွဲ့ကို ဖွဲ့စည်းနိုင်ရန်၊ ဘောလုံးပြိုင်ပွဲ တွင် အဓိကကျသော ဒိုင်လူကြီးပညာကို အားကစား မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးရန်နှင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြိုင်ပွဲလှုပ်ရှားမှုများတွင် နည်းစနစ်မှန်ကန်စွာဖြင့် အခြေခံကောင်း အားကစားမျိုးဆက်သစ် လူငယ်များကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် ဘောလုံးအားကစား ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက ဘောလုံး အားကစားဒိုင်လူကြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ် ဒိုင်အဖွဲ့အတွင်းရေးမှူး ဦးတင်မောင်လတ်နှင့် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန အားကစားမှူး ဒေါ်ခင်မိုးသဲတို့က သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့က သင်တန်း အတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌက လက်ခံ ရယူပြီး သင်တန်းနည်းပြ ကချင်ပြည်နယ်ဒိုင်အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်လတ်က သင်ခန်းစာများကို စတင်ပို့ချ သည်။

အဆိုပါ ဘောလုံးအားကစား ဒိုင်လူကြီးသင်တန်းသို့ ရဝမ်၊ လီဆူ၊ ရှမ်း၊ ဂျိမ်းဖောတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းများမှ ရွေးချယ်ထားသော သင်တန်းသားများ၊ ဘောလုံးဝါသနာရှင်များ သင်တန်းသား စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် ကချင်ပြည်နယ်ဒိုင်အဖွဲ့ အတွင်းရေးမှူး သင်တန်းနည်းပြ ဦးတင်မောင်လတ်က အပြည်ပြည်ဆိုင်ရာ ဒိုင်ဉပဒေနှင့် မြန်မာနိုင်ငံတွင် နောက်ဆုံးထုတ်ပြန်သော ဒိုင်ဉပဒေများကို မေလ(၁၁) ရက်နေ့မှ (၂၀)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)