ပုဏ္ဏားကျွန်းမြို့တွင် မိုချာဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်များအား သတိပေးနှိုးဆော်

ပုဏ္ဏားကျွန်း မေ ၁၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မိုချာဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်များအား သတိပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲမှ ဦးစီး၍ ယမန်နေ့၊ ညနေ(၈)နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့သတိပေးနှိုးဆော်ရာတွင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မကြာမီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မုန်တိုင်းသတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် စောင့်ကြည့်နားဆင်ကြရန်၊ ပင်လယ်ကမ်းခြေအနီးတွင် နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ထားကြပါရန်နှင့် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရာသွန်းခြင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ထားကြပါရန် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)