ဂွမြို့နယ် ၌မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ဂွ  မေ ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌  မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မြို့မဈေးအတွင်းနှင့် တောင်ပေါက်ကျေးရွာ၊ မကျေးငူကျေးရွာတို့တွင် လှည့်လည်နှိုးဆော်ခဲ့‌ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့က ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မုတ်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်းများ ဖြစ်လာနိုင်သည့်အတွက် မိဘပြည်သူများ၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြပါရန်၊ အိမ်တိုင်းတွင်သောက်ရေ (၅)ဂါလံပုံးများ အဆင်သင့်ဆောင်ထားကာ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပြီး မုန်တိုင်းဒီရေမြင့်တက်၍ အသက်အန္တရာယ်နှင့် ကြုံတွေ့လာပါက အသက်ကယ်ပစ္စည်းအဖြစ် အသုံးပြုသွားကြရန်၊ ကမ်းနီးကမ်းဝေးရေယာဥ်များ အနေဖြင့်လည်း မုန်တိုင်းအန္တရာယ်အား ကြိုတင်သတိပြု ရှောင်ရှားနိုင်ကြပါရန်  အသိပေးနှိုးဆော်ခဲ့ခြင်း၊ ရေပုံးဖြင့် အသက်ကယ်ခြင်းနည်းလမ်းများအား လက်တွေ့သရုပ်ပြခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်