မန္တလေး၊ အောက်တိုဘာလ ၆
၂၀၂ဝပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား Mask များ၊ Face shield များ၊ Hand Gel များ ပေးသွားရန်စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
"ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ၊ UEC က ပို့ပေးထားတဲ့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေကို မဲရုံမှာတာဝန်ထမ်းဆောင်မယ့် ဆရာဆရာမတွေကို Mask တွေ၊ Face shield တွေ၊ Hand Gelတွေ ပေးသွားဖို့စီစဉ်ထားပါတယ်၊ ကိုဗစ်စည်းကမ်းအရ မပါလာရင် ပေးသွားမှာပါ"ဟု မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်အရ ရပ်ကျေးကော်မရှင်များကို သင်တန်းပေးပြီးဖြစ်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံဝန်ထမ်းများ ထမ်းဆောင်မည့် ဆရာ၊ဆရာမများ၏ စာရင်းများကို ရယူပြုစုနေ ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း မဲရုံပေါင်း ၅၄၄၈ရုံရှိရာ မဲရုံဝန်ထမ်း စုစုပေါင်း လိုအပ်ချက် မှာခြောက် သောင်းကိုးထောင်ငါးရာကျော်ဦးဖြစ်ပြီးလက်ရှိတွင် ဆရာ၊ ဆရာမသုံးသောင်းခုနစ်ထောင် ကျော်ဦး သာရရှိသေး ကြောင်း အဆိုပါကော်မရှင်အဖွဲ့ခွဲမှသိရသည်။
“ မဲရုံတစ်ရုံမှာ ပုံမှန်အားဖြင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ လွှတ်တော်သုံးရပ်အတွက် မဲစာရင်း စိစစ် သူတစ်ဦး၊ မဲလက်မှတ်ထုတ်ပေးသူက တစ်ဦး၊ မှင်တို့သူတစ်ဦး၊ မဲရုံအတွင်း အကူတစ်ဦး ပုံမှန် ၁၀ဦး လိုအပ်ပါတယ်၊ ရှမ်းတိုင်းရင်းသားမဲဆန္ဒနယ်အတွက် မဲပေးမယ့်မဲရုံအတွက်ပါဆိုရင် မဲရုံ ဝန်ထမ်း ၁၂ဦးလိုပါတယ်၊ ၂၀၁၅နဲ့ စာရင် ပညာရေးဝန်ထမ်းရတာနည်းလို့လိုအပ်ခြင်းဖြစ်ပါတယ်၊ ကျောင်းတွေပိတ်ထားတော့ အလယ်တန်း အထက်တန်းက ဆရာဆရာမတွေ နေရပ်ပြန်တဲ့ အတွက်ကြောင့်ပါ၊ လိုအပ်ချက်ကို ရွေးကောက်ပွဲဥပဒေအရ မဲစာရင်းပါဝင်တဲ့ အများပြည်သူ ယုံကြည်လေးစားသူများ သို့တည်းမဟုတ် မဲဆန္ဒနယ်မှာပါတဲ့ပြည်သူများနဲ့ မဲရုံဝန်ထမ်းတွေခန့်ဖို့၊ ခန့်တဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ်စီခန့်၊ မြို့နယ်ကော်မရှင်နဲ့ စိစစ်ပြီးတာဝန်ပေးသွားဖို့ လုပ်ပါတယ်၊ ရတဲ့စာရင်းတွေကို ရွေးကောက်ပွဲနားအနီးလို့ ပြည်ထောင်စု ကော်မရှင်က ညွှန်ကြားတဲ့ ၁၀ရက်အလို သို့တည်းမဟုတ် တစ်ပတ်အလိုမှာ သင်တန်းပို့ချပြီး မဲရုံကြီးကြပ် ခွင့်တွေ ဆောင် ရွက်သွားမှာဖြစ်ပါတယ်”ဟု ဆက်လက်ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မဲရုံပေါင်း ၅၄၄၈ ရုံရှိပြီး မဲဆန္ဒရှင်ပေါင်းက လေးဆယ့်ခုနှစ် သိန်းရှစ်သောင်းလေးထောင်နှစ်ရာရှစ် ဆယ့်ရှစ်ဦးရှိကြောင်း၊ ပထမအကြိမ် မဲစာရင်းကပ်ကြေညာ ခြင်းကို၂၀၂၀ ပြည့်နှစ် ဇူလိုင်၂၅ ရက်မှဩဂုတ် ၁၄ရက်ထိ ပထမအကြိမ်ကပ်ထားကြေညာခဲ့ပြီး ဒုတိယ အကြိမ် အောက်တိုဘာလ ၁ရက်မှ အောက်တိုဘာလ ၁၄ရက်အထိ ကြေညာပေးထားကြောင်းသိရ သည်။
ထိပ်ထားနိုင်