ချမ်းအေးသာစံ မေ ၁၂
မုန်တိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများကို မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောရာတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များအကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် သတိပြုနေထိုင်ကြရန်၊ မုန်တိုင်းအရှိန်ကြောင့် လေပြင်း တိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် သတိပြုနေထိုင်ကြရန်၊ မြစ်ချောင်းကမ်းအနီးတွင် နေထိုင်ကြသူများကလည်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ "မုန်တိုင်းဘေးပညာပေး" လက်ကမ်းစာစောင်နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ" မုန်တိုင်းအန္တရာယ်လျော့ပါးရေးပညာပေး" လက်ကမ်းစာစောင်တို့ကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် မုန်တိုင်းများ၏အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များနှင့် အရောင်အညွှန်းဖြင့် လုပ်ဆောင်ရမည့်အချက်များအကြောင်း၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မုန်တိုင်းကျရောက်သည့်အခါ ဆောင်ရွက်ရမည့် အချက်များ၊ မုန်တိုင်းကျရောက်ပြီးပါက ဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံမုန်တိုင်းရာသီအကြောင်း၊ မြန်ကမ်းရိုးတန်းသို့ ၁၈၇၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မုန်တိုင်းများဖြတ်ကျော်မှုရာခိုင်နှုန်းများ၊ မုန်တိုင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ဘင်္ဂလားပင်လယ်အော်ကို ပိုင်းခြားထားသည့် အပိုင်း ၆ ခုနှင့် မုန်တိုင်းကြောင့် မြင့်တက်လာသည့် ရေလှိုင်းများအကြောင်း စသည့် အကြောင်းအရာများ ပါဝင်သည့် နံရံကပ်စာစောင်များကို ပြသခဲ့သည်။
အဆိုပါ မုန်တိုင်းအန္တရာယ် အသိပညာပေးဆောင်ရွက်ရာနေရာသို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့်ဝန်ထမ်းများ၊ မင်းကွန်း သရက်ပင် ဘုန်တော်ကြီးသင် ပညာရေးကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်