နောင်ချိုမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစမ်းသရုပ်ပြလေ့ကျင့်ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေး

နောင်ချို မေ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အစမ်းလေ့ကျင့်မှုသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က နမ့်ဆောင်ဟူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ အားကစားကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲ့ဝင်များ၊ တပ်နယ်မှူး ဗိုလ်မှူး ကျော်မင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်လင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီများ၊ ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အစမ်းသရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းနှင့် တာဝန်ရှိသူများ၊ တပ်နယ်မှူး ဗိုလ်မှူးကျော်မင်းဦးနှင့် နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)