ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကျိန္တလီ  မေ ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ကျိန္တလီမြို့ပေါ်ရှိ ရပ်ကွက်(၃)ရပ်ကွက်တွင် အသိပညာပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် အများပြည်သူများအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းကို ကြိုတင်ကာကွယ်ပြင်ဆင်သတိပြုနိုင်စေရေးအတွက် မိုးလေဝသ သတိပေးအချက်အလက်များကို အမြဲစောင့်ကြည့်ကြရန်၊ လိုအပ်လာပါက ခေတ္တရှောင်နိုင်ရန် ခိုင်ခန့်လုံခြုံသော နေရာကို ပြင်ဆင်ထားကြရန်၊ မိမိတို့နေအိမ်နှင့် သီးနှံသိုလှောင်ရုံများကို ခိုင်ခန့်အောင် ပြုလုပ်ထားကြရန်၊ ဆေးဝါး၊ ရိက္ခာ၊ ရေဒီယို၊ ဓာတ်မီး၊ ဖယောင်းတိုင်နှင့် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင် ထားကြရန်၊ မုန်တိုင်းတိုက်ခိုက်နိုင်ခြေရှိပါက ပင်လယ်ကမ်းနား အနီးတဝိုက်သို့ (လုံးဝ) သွားလာခြင်း မပြုကြရန်နှင့် ကိုဗစ်ရောဂါဆိုင်ရာ အကြံပြုချက်များကိုလည်း လိုက်နာဆောင်ရွက်သွားကြရန်တို့ကို ကြိုတင်အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်လင်း