ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများအား သင်တန်းပို့ချပေး

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၆


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အတွင်း မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား အောက်တိုဘာ ၁ ရက်နေ့မှစ၍  ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် လူ့အခွင့်အရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းစနစ်၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ၊ ရဲကျင့်ဝတ်၊ ရာဇသတ်ကြီးဥပဒေ၊ ရဲအက်ဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲ ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် အခြေခံစစ်ရေးပြသခြင်းတို့ကို သင်တန်းနည်းပြ ရဲအရာရှိများက  ရွေးကောက်ပွဲမဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၃၅)ဦးအား အောက်တို ဘာ (၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် (၉)ရပ်ကွက်နှင့် လူဦးရေ သုံးသောင်းကျော် နေထိုင်လျက်ရှိရာ ယခုနောက်ဆုံးအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းအရ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ(၂၅၇၃၅)ဦးရှိပြီး၊ ဆန္ဒမဲပေးနိုင်ရန် မဲရုံ (၃၅)ရုံ စီစဉ်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)