ပျော်ဘွယ်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ရေး အသိပေးနှိုးဆော်

ပျော်ဘွယ် မေ ၁၁

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီမှ စတင်ကာ မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ လျော့ချနိုင်စေရန် အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာသော မုန်တိုင်းဘေးအန္တရာယ်သတင်းများကို စဉ်ဆက်မပြတ် နားထောင်ကြရန်၊ လေပြင်းဘေးကြိုတင် ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက်  လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုကဲ့သို့ အသိပညာပေးနှိုးဆော်ခြင်းကို  မြို့​ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာနေ ပြည်သူများ သိရှိစေရန်အတွက် သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာရှိရာ အိမ်မှူးများ ပူးပေါင်းကာ အသိပေးနှိုးဆော်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)