မြေပုံမြို့၌ သဘာဝဘေးကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်

မြေပုံ မေ ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း သဘာဝဘေးကျရောက်လာပါက ထိခိုက်မှုများရှိနိုင်သည့် ငမန်းရဲတိုက်နယ်ကျေးရွာ (၁၀)ရွာ၊ အငူကျေးရွာ အုပ်စု(၆)ရွာ၊ ထူးချေကျေးရွာအုပ်စု(၃)ရွာ၊ အိမ်ထောင်စု (၁၆၇၅) အုပ်စု၊ လူဦးရေ (၆၆၄၀)  ဦးအား ဘေးလွတ်သည့်ခိုလှုံရွှေ့ပြောင်းရာ နေရာများသို့ ယနေ့ညနေပိုင်းအချိန်က ပြောင်းရွှေ့ပေးလျက်ရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ၏ စားဝတ်နေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်(၂၀၀)၊ ဆီပိဿ(၅၀၀)၊ ဆား(၂၀၀)၊ ငပိ(၅၀) ပိသာ စုဆောင်းထားရှိပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ထောင်စု (၁၆၇၅)  စုအတွက် ပစ္စည်း(၁၆)မျိုး အသင့်စုဆောင်းထားရှိပြီး မြို့နယ်လူမှုရေးအသင်းအဖွဲ့များလည်း ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)