သိန္နီ မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(MSY)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က နောင်အွန်ကျေးရွာ ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာ အောင်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မဟာဗျူဟာမူဘောင်နှင့်အညီ အလုပ် အကိုင်အခွင့်အလမ်း မိသားစုဝင်ငွေ တိုးပွားလာစေခြင်း၊ ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချခြင်း၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်ရည်ရွယ်၍ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်၍ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အထိနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)အား ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံရသော အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များအား ဖော်ထုတ် နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ဆုရရှိခဲ့သော ဟိန်မိန်း(နားခေး)ကျေးရွာ၊ ပိန်းဟုန်း ကျေးရွာ၊ နောင်အွန်ကျေးရွာများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင်များနှင့် ပတ်သက်၍ အဖွဲ့လိုက်ခွဲကာ သုံးသပ်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)