ဘူးသီးတောင်မြို့၌ သဘာဝဘေးကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်

ဘူးသီးတောင်  မေ ၁၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက်မှုများရှိနိုင်သည့် ကျေးရွာအုပ်စု(၁၀)စု၊ အိမ်ထောင်စု(၁၂၈) အုပ်စု၊ လူဦးရေ(၈၀၆)ဦးအား ဘေးလွတ်သည့် ခိုလှုံရွှေ့ပြောင်းရာ ရေရာများသို့ ယမန်နေ့က ပြောင်းရွှေ့ပေးလျက်ရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ၏ စားဝတ်နေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်(၅၀၀)၊ ဆီပိသာ(၁၅၀၀)၊ ဆား(၅၀၀)၊ ငပိ(၅၀)ပိသာ စုဆောင်းထားရှိပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ထောင်စု(၂၀၀)စုအတွက် ပစ္စည်း(၁၆)မျိုး အသင့်စုဆောင်းထားရှိပြီး မြို့နယ်လူမှုရေးအသင်းအဖွဲ့များလည်း ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)