ရန်ကုန် မေ ၁၂
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ (၂၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပပြုသည်။အခမ်းအနားတွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် အထည်ချုပ်အသင်း စတင်ဖြစ်ပေါ်လာမှု၊ အနှစ်(၂၀) ဖြတ်သန်းခဲ့သည့် အတွေ့အကြုံ၊ အသင်းငယ်မှသည် လုပ်ငန်းရှင်များ၊ အမှုဆောင်များ၏ ကြိုးပမ်းမှုဖြင့် နိုင်ငံတော်အဆင့်အသင်းအဖြစ် ဝင်ရောက်ခဲ့မှုနှင့်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)သည် ဥရောပဈေးကွက်ကို နိုင်ငံတကာဝယ်လက်အဖြစ် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ Platformတစ်ခုကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ချုပ်လုပ်သည့် “Made in Myanmar” ထုတ်ကုန်အဖြစ်ကို ဦးတည်ချက်ထား၍ မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက “အထည်ချုပ်လုပ်ငန်းများသည် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုစားဝတ်နေရေးအတွက် လုံခြုံစိတ်ချရသည့် အာမခံချက်ရှိသော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်အပြင် အထည်ချုပ်ကဏ္ဍသည် နိုင်ငံတော်၏ ပြည်ပကုန်သွယ်မှုမှာ နိုင်ငံခြားဝင်ငွေရရှိရေးကို များစွာအထောက်အကူပြုနေသည့် Sector တစ်ခုဖြစ်နေပါကြောင်း၊ MGMA အသင်းအနေဖြင့် အထည်ချုပ် ကဏ္ဍကို မှီခိုလျက်ရှိသော အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလုပ်အကိုင်များတည်မြဲစေရေးနှင့် International Brands များ၏ အမှာစာများ ဆက်လက်ချုပ်လုပ်နိုင်ရန် European Union အောက်ရှိ နိုင်ငံတကာ မိတ်ဖက်ပါတနာများနှင့်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံမှု တိုးတက်ကောင်းမွန်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများဖြစ်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားကြစေလိုပါကြောင်း” ပြောကြားခဲ့သည်။
အခမ်းအနားတွင် အထည်ချုပ်စက်ရုံများအနက် လေးစားလိုက်နာမှုအမြင့်မားဆုံးရှိသော စက်ရုံများအား Voluntary Labour Compliance Assessment Award ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ ဆက်)