နမ့်ခမ်း မေ ၁၂
ဒေသခံပြည်သူများ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်ပြင်ဆင် သတိပြုနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့အတွင်း အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခြင်းကို ယနေ့မွန်းလွဲ (၁၄) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နမ့်ခမ်းမြို့အတွင်း နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် ယနေ့မြန်မာစံတော်ချိန် (၅)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါကြောင်း၊ အဆိုပါ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ဦးတည်ရွှေ့နိုင်သည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်လာသနိုင်သဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ကမ်းတစ်လျှောက် နေထိုင်သူများအတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လာနိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ခိုင်ခန့်သော အဆောက်အဦများတွင် ခိုလုံနေထိုင်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ နမ့်ခမ်းမြို့အတွင်း လူနေထူထပ်ရာနေရာများ၊ ရပ်ကွက်များ၊ ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်နှင့် ပန်ပွဲဈေး(ညဈေး)တို့တွင် လှည့်လည်ကာအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)